|
Thursday, 19 August 2010 11:52
|
|

နေပြည်တော်အတွင်းသုံးစွဲနေသော ကျပ်ငါးသိန်းတန် CDMA 450 MHz ဖုန်းများအတွက် ခေါ်ဆိုခများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ကြိုတင်ငွေပေးကတ်စနစ်ဖြင့် ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း ထိုကြိုတင်ငွေပေးကတ်များကို ထုတ်ဝေသည့် Elite Tech ကုမ္ပဏီ၊ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။
ယခုပြောင်းလဲလိုက်သည့် စနစ်အရ အဆိုပါဖုန်း သုံးစွဲသူများအနေဖြင့် ယခင်ပေးဆောင်ခဲ့ရသည့် ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေ ကျပ် ၅၀,၀၀၀ ကိုပေးသွင်းရန် မလိုအပ်တော့ဘဲ ကျပ် ၁၀,၀၀၀ တန်၊ ကျပ် ၃၀,၀၀၀ တန်၊ အက်ဖီအီးစီ ၂၀ တန်နှင့် အက်ဖ်အီးစီ ၅၀ တန် ဖုန်းခေါ်ဆိုခ ကြိုတင်ငွေပေးကတ်များကိုသာ ၀ယ်ယူထည့်သွင်းရန် လိုအပ်မည် ဖြစ်သည်။ “နေပြည်တော်မှာ ဖုန်းဘီလ်သွားဆောင်ရတဲ့နေရာက ဝေးတယ်။ ဒီတော့ သုံးစွဲရအဆင်ပြေ အောင် ကြိုတင်ငွေပေးကတ်တွေကို စီစဉ်တာပါ” ဟု ၎င်းကပြောသည်။ ထိုကဲ့သို့ ကြိုတင်ငွေပေးကတ်စနစ်သို့ ပြောင်းလဲလိုက်သော်လည်း ဖုန်းခေါ်ဆိုခမှာမူ ယခင်နှုန်းထားဖြစ်သည့် တစ်မိနစ်လျှင် ကျပ် ၅၀ သာဖြစ်ကြောင်း၊ ထိုကတ်များကို နေပြည်တော်သပြေကုန်းဈေး၊ ဇေယျာသီရိကုန်တိုက်၊ မြို့မဈေး (Sunday Mart), Asia Light (မြို့မဈေး၊ ပျဉ်းမနား)၊ Junction Naypyitaw (Ocean) နှင့် ဘောဂသီရိကားဝင်းအနီးရှိ Elite Tech အရောင်းဆိုင်များတွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုပြောင်းလဲမည့်စနစ်အရ ဖုန်းသုံးစွဲသူများအနေဖြင့် အဆိုပါကတ်များကို ၀ယ်ယူ၍ ဖုန်းခေါ်ဆိုခကို မိမိဖုန်းတွင် ပေါင်းထည့်ရမည်ဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့နောက်ဆုံးထား၍ ကြိုတင်ငွေပေးကတ် ပေါင်းထည့်ခြင်းမရှိပါက ထိုဖုန်းများကို အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိရသည်။ “စက်တင်ဘာလ ၁ ရက်နေ့ကစလို့ ကြိုတင်ငွေပေးကတ်နဲ့ အသုံးမပြုဘူးဆိုရင် လိုင်းတွေပိတ်သွားမှာပါ။ အရင်ကြိုတင်ငွေပေးပုံစံနဲ့ ပေးသွင်းထားတဲ့ ငွေလက်ကျန်တွေကိုတော့ သြဂုတ်လကုန်ဘီလ်အထိ တွက်ပြီးရင် ပြန်လည်ထုတ်ပေးသွားမှာပါ” ဟုဦးစိုင်းခင်မောင်အေးက ပြောသည်။ ကြိုတင်ငွေပေးစနစ်အရ ပေးသွင်းခဲ့သည့်အထဲမှ ပိုသည့်ငွေပမာဏကို နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာနက ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ နေပြည်တော်တွင် ယခင်က မိုဘိုင်းဖုန်းဆက်သွယ်ရေး မရရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်းမှစတင်ခါ ကျပ်ငါးသိန်းတန် CDMA 450 MHz ဖုန်းများကို အများပြည်သူသို့ စတင်ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ပြီး ယခုအခါ လိုင်းပေါင်း ၁၀,၀၀၀ ကျော်တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။
|