|
Thursday, 01 July 2010 17:23
|
|

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို တိုးမြှင့်ချထားပေးလျက်ရှိရာ မိုဘိုင်းဖုန်းဈေးကွက်အတွင်းတွင် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများ၏ကဏ္ဍ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ယခင်ကလူသုံးများခဲ့သည့် ဂျီအက်စ်အမ်ဖုန်းဈေးကွက်မှာ သိသာစွာကျဆင်းလာကြောင်း ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်းဆိုင်အချို့မှ တာဝန်ရှိသူများကပြောကြားသည်။
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို လွယ်ကူစွာရရှိလာနိုင်ခြင်းနှင့် ကနဦးတပ်ဆင်မှုနှုန်းထားမှာ အများစုလက်လှမ်းမီသည့် အနေအထားတွင်ရှိခြင်းကြောင့် ထိုဖုန်းများအခန်းကဏ္ဍမှာ ကျယ်ပြန့်လာခြင်းဖြစ်ကြောင်း သိရသည်။ ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူကိုဖိုးသော်က “စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းတွေက အခုဆိုရင်တော်တော်လေးကို အဆင်ပြေလာပြီ။ သုံးတဲ့သူတွေလည်း တော်တော်လေးကိုများလာတယ်။ ပြီးခဲ့တဲ့ ၂၁ ရက်ကစပြီး မြန်မာ့ဆက်သွယ်ရေးက ဒီဖုန်းတွေကိုထပ်ပြီးချပေးတဲ့အတွက် အသုံးပြုသူတွေလည်း အရင်ထက်များလာနိုင်တယ်။ ဆက်သွယ်ရေးရုံးမှာ ကျွန်တော်ဖုန်းကတ်သွားထုတ်တဲ့အချိန်မှာ လာထုတ်ကြတဲ့သူတွေ ကြိတ်ကြိတ်တိုးနေတာ တွေ့ခဲ့တယ်” ဟုပြောသည်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းလိုင်းများ၏ အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာခြင်း၏ အခြားတစ်ဖက်တွင်လည်း ဂျီအက်စ်အမ်နှင့် အခြားဖုန်းများ၏ဈေးကွက်မှာ သိသာစွာကျဆင်းလာခဲ့ကြောင်း သိရသည်။ ထို့အတူ ဖုန်းအငှားဈေးကွက်တွင်လည်း သိသာစွာကျဆင်းမှုများရှိလာကြောင်း၊ ကြိုတင်ငွေပေးကတ်များပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ဂျီအက်စ်အမ် အငှားဖုန်းဈေးကွက်အနေဖြင့် သိသာစွာအေးစက်သွားခဲ့ပြီး ကြိုတင်ငွေပေးကတ်များတွင် ပုံသေနံပါတ်တစ်ခုမရရှိသည့်ပြသနာကြောင့် အငှားဈေးကွက်မှာ ဆက်လက်ရှင်သန်နေခဲ့သော်လည်း ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်များ သုံးစွဲခွင့်ရရှိလာပြီးနောက်တွင်မူ အငှားဈေးကွက်တွင် သိသာသောကျဆင်းမှုများရှိလာကြောင်း သိရသည်။ Mr.Fone မှ တာဝန်ရှိသူတစ်ဦးက “ငါးသိန်းတန် စီဒီအမ်အေဖုန်းတွေပေါ်လာတော့ အငှားဈေးကွက်က တော်တော်လေးကိုပါးသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ဖုန်းငှားရင် စဘော်ပေးရတယ်လေ။ စဘော်ကလည်း အနည်းဆုံးသုံးသိန်းနဲ့ ငါးသိန်းကြားရှိတယ်။ ပြီးတော့ ငှားခလည်းပေးရတယ်။ ဖုန်းဘီလ်ကိုလည်း ကိုယ့်ဘာသာဆောင်ရတယ်။ ဒါကြောင့်တော်တော်များများက ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တဲ့ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းတွေကိုပဲ အသုံးများလာကြတယ်” ဟုပြောသည်။ သို့ရာတွင် ဟန်းဆက်ဈေးကွက်အတွင်းတွင်မူ ဂျီအက်စ်အမ်ဟန်းဆက်များမှာ ဈေးကွက်ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်မားသည့် မော်ဒယ်မြင့်ဟန်းဆက်များသာ အရောင်းအ၀ယ်များကြောင်း ၎င်းကဆိုသည်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများတွင် အထိုင်ဖုန်းများကိုသာအသုံးများကြသည်။
|