|
Wednesday, 05 August 2009 |
ဂျပန်နိုင်ငံကင်မရာကုမ္ပဏီဖြစ်တဲ့ Fujifilm မှ 3D (three dimension) ဓါတ်ပုံနဲ့ဗီဒီယိုတွေရိုက်ကူးနိုင်တဲ့ ကမ္ဘာ့ပထမဆုံးဒစ်ဂျစ်တယ်ကင်မရာကို ထုတ်လုပ်လိုက်ပါပြီ။ အသစ်ထုတ်လုပ်လိုက်တဲ့ FinePix Real 3D W1 ကင်မရာဟာ FujiFilm imaging system နည်းပညာသစ် "FinePix Real 3D system" ရဲ့ ထုတ်ကုန်ပစ္စည်းများအနက်တစ်ခုဖြစ်ပါတယ်။
FujiFilm imaging system နည်းပညာသစ်မှာ "FinePix Real 3D W1" ဒစ်ဂျစ်တယ်ကင်မရာ "Fine- Pix Real 3D V1" 3D/2D ပုံရိပ်ကြည့် photo frame နဲ့ 3D prints တို့ပါဝင်ပါတယ်။ FujiFilm ရဲ့ဒီနည်းပညာသစ်ကြောင့် သုံးစွဲသူတွေအနေနဲ့ မည်သည့် 3D special glass မှတပ်ဆင်စရာမလိုပဲ 3D ပုံရိပ်တွေကို ခံစားမြင်တွေ့နိုင်မယ်လို့ FujiFilm ကပြောကြားပါတယ်။ FujiFilm ရဲ့ 3D ဒစ်ဂျစ်တယ်ကင်မရာဖြင့်ရိုက်ကူးထားတဲ့ပုံရိပ်တွေဟာ ဓါတ်ပုံကိုကြည့်ရသလိုမျိုးမဟုတ်ပဲ တကယ့်မြင်ကွင်းကို မျက်ဝါးထင်ထင်မြင်တွေ့ရသလိုမျိုး 3D ရုပ်ထွက်ကိုခံစားနိုင်မယ်လို့ ဆို ပါတယ်။ FujiFilm FinePix Real 3D W1 ကင်မရာမှာ 10 megapixel Fujinon lens (၂)ခု၊ CCDs sensor (၂)ခုနဲ့ RP (Real Photo) Processor 3D ပါဝင်ပါတယ်။ ဒီ processor ဟာ 3D ဓါတ်ပုံနဲ့ဗီဒီယိုတွေကို ဖန်တီးပေးရာမှာအဓိက ကျပါတယ်။ Real 3D W1 ကင်မရာဟာ 3D/2D စနစ်နှစ်မျိုးလုံးနဲ့ရိုက်ကူးနိုင်မှာပါ။ ကင်မရာပါဝင်တဲ့ 3D/2D switch button ကိုနှိပ်ပြီး အလွယ်တကူပြောင်းလဲရိုက်ကူးနိုင်ပါတယ်။ 3D စနစ်ဖြင့်ရိုက်ကူးတဲ့အခါမှာ မြင်ကွင်းတစ်ခုကိုမ တူညီတဲ့ရှုထောင့် (၂) ခုကနေ ပုံရိပ် (၂) ခုအဖြစ်ရိုက်ယူပါတယ်။ အဆိုပါပုံရိပ် (၂)ခုရဲ့ layer တွေကို RP Processor 3D ဖြင့်ပေါင်းစပ်ပေးပြီး 3D ဓါတ်ပုံနဲ့ဗီဒီယိုတွေကို ဖန်တီးပေးခြင်းဖြစ်ပါတယ်။ 3D ဒစ်ဂျစ်တယ်ကင်မရာရဲ့ "Interval Shooting" စနစ်ကလည်း စွမ်းဆောင်ရည်အလွန်မြင့်ပါတယ်။ ကားစီးနေရင်း၊ ရထားစီးနေရင်းသာမက လေယာဉ်ပျံစီးနေရင်းကပင် ပတ်ဝန်းကျင်မြင်ကွင်းတွေကို Interval Shooting ဖြင့် 3D ပုံရိပ်အဖြစ်ရိုက်ကူးနိုင်မှာပါ။ FinePix Real 3D W1 ကင်မရာမှာပါဝင်တဲ့ 2D စနစ်ဖြင့် ဓါတ်ပုံရိုက်ကူးရာမှာလည်း ထူးခြားတဲ့စနစ်တွေနဲ့ရိုက်ကူးနိုင်ပါတယ်။ 2D စနစ်ဖြင့် ဓါတ်ပုံရိုက်ကူးရာမှာ မြင်ကွင်းတစ်ခုတည်းကို zoom ဆွဲယူပြီးရိုက်တဲ့ပုံနဲ့ ပုံမှန်အတိုင်းရိုက်တဲ့အတိုင်းရိုက်တဲ့ပုံဟူ၍ ပုံစံနှစ်မျိုးဖြင့် တစ်ပြိုင်တည်းရိုက်ကူးနိုင်မှာပါ။ ထို့အတူ မြင်ကွင်းတစ်ခုကို ရောင်စုံနှင့်အဖြူအမဲဟူ၍ color setting (၂) မျိုးသုံးပြီး ဓါတ်ပုံ (၂) ပုံအဖြစ် တစ်ပြိုင်နက်တည်းရိုက်ကူးနိုင်ပါ တယ်။ ကင်မရာရဲ့ zoom ပြုလုပ်နိုင်မှုက 3x optical zoom ဖြစ်ပြီး 2.8 inch LCD screen ပါဝင်ပါတယ်။ LCD screen resolution 800x600 ဖြစ်ပြီးရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတွေကို 3D အဖြစ် အလွယ်တကူပြန်လည်ကြည့်ရှုနိုင် မှာပါ။ ကင်မရာရဲ့ zoom ကတော့ lens (၂) ခုအတွက်ချိန်ညှိရတာကြောင့် zoom ဆွဲယူနိုင်မှုနည်းသွားတာလို့ဆိုပါတယ်။ FujiFilm 3D ဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးထားတဲ့ဓါတ်ပုံနဲ့ဗီဒီယိုတွေကို FujiFilm imaging system နည်းပညာသစ်ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ဓFinePix Real 3D V1" လို့ခေါ်တဲ့ photo frame မှာလည်း ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ photo frame မှာ 8.0-inch screen ဖြစ်ပြီး remote control ပါဝင်ပါတယ်။ SD memory card တိုက်ရိုက်ထည့်သုံးနိုင်တယ်။ FujiFilm Real 3D W1 ကင်မရာ၊ ကွန်ပျူတာတို့ကို USB မှတဆင့်ချိတ်ဆက်နိုင်ပြီး Real 3D W1 ကင်မရာနဲ့ wireless စနစ်ဖြင့်ချိတ်ဆက်နိုင်ပါတယ်။ 3D/2D ပုံရိပ်တွေကို slideshow အပါအ၀င် ပုံစံအမျိုးမျိုးနဲ့ကြည့်ရှုနိုင်တဲ့ photo frame တစ်ခုလည်းဖြစ်ပါတယ်။ FujiFilm မှထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး 3D ဒစ်ဂျစ်တယ်ကင်မရာနဲ့ရိုက်ကူးထားတဲ့ 3D ဓါတ်ပုံတွေကိုတော့ FujiFlim lenticular sheets တွေကိုသာအသုံးပြုပြီး print လုပ်နိုင်ဦးမှာပါ။ အဆိုပါ lenticular sheets တွေ မှာ lens တစ်ခုကဲ့သို့စွမ်းဆောင်နိုင်သော plastic layer ဖုံးအုပ်ထားပြီး ဓါတ်ပုံကိုကြည့်ရှုတဲ့အခါ 3D ပုံရိပ်အဖြစ်မြင်တွေ့စေနိုင်မှာဖြစ်ပါတယ်။ FujiFilm နည်းပညာအသစ်ဖြစ်တာကြောင့် အခြားသော print system များနဲ့ အဆင်ပြေနိုင် မျာမဟုတ်သေးပဲ FujiFilm print service ဖြင့်သာဓါတ်ပုံတွေကို print လုပ်နိုင်မှာပါ။ FujiFilm 3D ဒစ်ဂျစ်တယ်ကင်မရာကိုယ်ထည်ကို အကြမ်းခံနိုင်တဲ့အလူမီနီယမ်နဲ့ပြုလုပ်ထားပြီး အရောင်ကစိုပြေထောက်ပတဲ့အနက်ရောင်ဖြစ်ပါတယ်။ ကင်မရာဖွင့်ထားတဲ့အချိန်မှာ နီယွန်မီးအပြာရောင်နဲ့ "3D" logo စာလုံးကို ထင်ရှားလှပစွာမြင်တွေ့နိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံး 3D ဒစ်ဂျစ်တယ်ကင်မရာဖြစ်တဲ့ FujiFilm FinPix Real 3D W1 ကိုစတာလင်ပေါင် (၅၇၀) ဖြင့် လာမယ့်စက်တင်ဘာလမှာ စတင်ရောင်းချမယ်လို့မျှော်လင့်ရပါတယ်။ ထို့အတူ 3D/2D ဓါတ်ပုံနဲ့ ဗီဒီယိုတွေကြည့်ရှုနိုင်မယ့် FujiFilm FinePix Real 3D V1 photo frame ကိုလည်းစလင်တာပေါင် (၄၀၀) ခန့်ဖြင့် ရောင်းချသွားဖွယ်ရှိကြောင်းသိရပါတယ်။
|