|
Thursday, 19 August 2010 20:49
|
|
ထိုင်းနိုင်ငံအခြေစိုက် တက္ကသိုလ်တစ်ခုဖြစ်သော နိုင်ငံတကာအဆင့်မီ Asian Institute of Technology နှင့် MCC Training Institute (ရတနာပုံ) တို့ပူးပေါင်း၍ အင်ဂျင်နီယာဘွဲ့သင်တန်းကျောင်းကို ရတနာပုံမြို့သစ်၌ စက်တင်ဘာလထဲတွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါကျောင်းနှင့်ပတ်သက်၍ ဟောပြောပွဲတစ်ရပ်ကို Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသားမိဘများက တက်ရောက်ခဲ့ကြပြီး ငွေကြေးကုန်ကျစရိတ်နှင့် စားဝတ်နေရေးအကြောင်းများကို အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါသင်တန်းကျောင်းကို တက်ရောက်သင်ကြားကြမည်ဆိုပါက စုစုပေါင်းငါးနှစ် တက်ရောက်ရမည်ဖြစ်သည်။ ပထမနှစ်မှ တတိယနှစ်ထိ ရတနာပုံမြို့သစ်တွင် တက်ရောက်သင်ကြားရမည်ဖြစ်ပြီး ကျန် ၂ နှစ်ကို ဘန်ကောက် AIT သို့ သွားရောက်သင်ကြားရမည်ဖြစ်သည်။ MCC Training Institute(ရတနာပုံ) ၌ သင်တန်းတက်ရောက်ရာတွင် တစ်နှစ်စာအတွက် ကျပ်သိန်း ၃၀ နှင့် နေထိုင်စားသောက်စရိတ်ကျပ် ၁၀ သိန်း ကျသင့်မည်ဖြစ်သည်။ ဘန်ကောက် AIT သို့သွားရောက်၍ ကျောင်းတက်ကြရာတွင် တစ်နှစ်သင်တန်းကြေးမှာ ကန်ဒေါ်လာ ၆,၀၀၀ နှင့် နေထိုင်စားသောက်စရိတ် ကန်ဒေါ်လာ ၃,၆၀၀ခန့် ကျသင့်မည်ဖြစ်သည်။ ပထမဦးဆုံး စတင်ဖွင့်လှစ်သည့်နှစ်ဖြစ်သောကြောင့် ကျောင်းသားဦးရေ ၁၂ ဦးသာ ကန့်သတ်ထားကြောင်း သိရသည်။ နောက်နှစ်များတွင် ထွန်းဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ ပညာသင်ဆုများချီးမြှင့်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
|