Local News
TaTa Motor က ပြည်တွင်းတွင် တစ်နှစ်လျှင် ကားစီးရေ ၅,၀၀၀ ထုတ်လုပ်မည် Print E-mail
Thursday, 19 August 2010 12:12

အမှတ် (၂) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းနှင့် အိန္ဒိယနိုင်ငံအခြေစိုက် Ta Ta မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတို့ ပူးပေါင်း၍ တစ်နှစ်လျှင်ကား အစီးရေ ၅,၀၀၀ အထိ ပြည်တွင်း၌ပင်ထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း

အဆိုပါလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို ပူးပေါင်းထုတ်လုပ်မည့် အစီအစဉ်အရ ကားထုတ်လုပ်မှုများကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၊ နောက်ဆုံးသုံးလပတ်တွင် မကွေးမြို့ရှိ မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကနဦးတွင် တစ်နှစ်လျှင် စီးရေ ၁,၀၀၀ ထုတ်လုပ်မည်ဖြစ်ကာ နောက်ပိုင်းတွင် တစ်နှစ်လျှင် စီးရေ ၅,၀၀၀ အထိ တိုးချဲ့ထုတ်လုပ်မည်ဖြစ်ကြောင်း Ta Ta မော်တော်ယာဉ်လုပ်ငန်းမှ သတင်းထုတ်ပြန်သည်။ အဆိုပါ ကားထုတ်လုပ်မှုလုပ်ငန်းတွင် ကားကိုယ်ထည်ထုတ်လုပ်ခြင်း၊ ဆေးသုတ်ခြင်းနှင့် ကားတပ်ဆင်ခြင်း စသည့်လုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး Flexible Chassis နှင့် Frame Assemble ပြုလုပ်သည့်လိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့မော်တော်ယာဉ်လုပ်ငန်း တာဝန်ရှိသူတစ်ဦးက “ရုံးတွင်းက ပညာရှင်တွေကို TaTa ကုမ္ပဏီဘက်ကို တစ်သုတ်ပြီးတစ်သုတ် ပညာသင်လွှတ်တာတွေတော့ စနေပါပြီ။ သင်တန်းကာလ တစ်နှစ်နီးပါး ကြာမြင့်မှာဖြစ်ပြီး သူတို့တွေပြန်လာရင် စက်ရုံကို ပြည်ပပညာရှင်တွေနဲ့ တွဲဖက်လည်ပတ်သွားမှာပါ။ စက်ရုံအနေနဲ့ လောလောဆယ်မှာ ဆလွန်းကားတွေ ထုတ်သွားဖို့ရှိပေမယ့် ထုတ်လုပ်မယ့် ယာဉ်အမျိုးအစားတွေကို အတည်မပြုနိုင်သေးပါဘူး” ဟုပြောသည်။ သို့ရာတွင် TaTa မော်တော်ယာဉ်ကော်ပိုရေးရှင်း လူထုဆက်သွယ်ရေးဌာန Mr. Debasis Ray ၏အဆိုအရ စက်ရုံထုတ်လုပ်မှုအနေနှင့် အကြီးစားယာဉ်များကို တပ်ဆင်ထုတ်လုပ်သွားရန်ရှိပြီး အဆိုပါထုတ်ကုန်များကို မြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းမှတဆင့် ဈေးကွက်ဖြန့်ချိရန်ရှိကြောင်း သိရသည်။ TaTa လုပ်ငန်းစုလက် အောက်ရှိ TaTa Motor လုပ်ငန်းသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့အခြေစိုက် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် မော်တော်ယာဉ်နှင့် အခြားယာဉ်များထုတ်လုပ်သည့် အကြီးဆုံးလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။

 

 

LATEST NEWS

IJ CARTOON