|
Thursday, 01 July 2010 16:12
|
|

သက်ဆိုင်ရာကျွမ်းကျင်သူများထံမှ အကြံဥာဏ်များကို ဖုန်းလိုင်းပေါ်မှတဆင့်တောင်းခံနိုင်မည့် Help Line ၀န်ဆောင်မှုကို လာမည့်ဇူလိုင်လတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ၀န်ဆောင်မှုစတင်သည့် ပထမသုံးလကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထိုဝန်ဆောင်မှုကိုပေးအပ်မည့် ဘလူးအိုးရှင်းကုမ္ပဏီတာဝန်ရှိသူ ဦးထွန်းထွန်းနိုင်ကပြောကြားသည်။
ထို Help Line ၀န်ဆောင်မှုတွင် ဆေးကုသမှု အကြံပေးဝန်ဆောင်မှုကို အဓိကထားပေးမည်ဖြစ်ပြီး ထိုဝန်ဆောင်မှုတွင် ကျွမ်းကျင်ဆရာဝန်အယောက် ၂၀ မှ အကြံပြုဖြေကြားမည်ဖြစ်သည်။ “လောလောဆယ်မှာတော့ လိုင်းပေါ်ကနေ ရောဂါလက္ခဏာကို ပြောပြပြီး အသင့်တော်ဆုံးဆေးနဲ့ အနီးစပ်ဆုံးဆေးကုသမှုကို ညွှန်ကြားပေးမှုကိုပဲ ၀န်ဆောင်မှုပေးနိုင်ဦးမှာပါ။ နောက်ပိုင်းမှာတော့ ကျွမ်းကျင်ဆရာဝန်တွေ၊ ဆေးရုံတွေနဲ့ချိတ်ဆက်ပေးတာ၊ ပြည်ပကိုသွားရောက်ကုသဖို့လိုတယ်ဆိုရင် အကြံပေးတာစတဲ့ Tele-medicine စနစ်တွေကို ၀န်ဆောင်မှုပေးသွားဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ ဒီဝန်ဆောင်မှုမှာ ပူးပေါင်းပါဝင်မယ့် ဆေးရုံတွေနဲ့ဆွေးနွေးနေဆဲပါ” ဟု ၎င်းကပြောသည်။ “၀န်ဆောင်မှုစတင်တဲ့အနေနဲ့ အသုံးပြုသူတွေ စမ်းသပ်အသုံးပြုလို့ရအောင် အခမဲ့ဝန်ဆောင်မှုပေးလိုက်တာပါ။ နောက်ပိုင်းမှာ ဘလူးအိုးရှင်း ကြိုတင်ငွေပေးကတ်ကို အသုံးပြုရမှာဖြစ်ပြီး ကတ်တစ်ကတ်ကို အနည်းဆုံး ၅,၀၀၀ ကျပ်နဲ့ရောင်းဖို့ စီစဉ်ထားတယ်။ ၀န်ဆောင်စရိတ်ကတော့ ဖြေကြားပေးရတဲ့အပေါ်မှာမူတည်ပြီး တစ်မိနစ်ကို ၁၀၀ ကျပ် ကနေ ၂၀၀ ကျပ်ကြားကျသင့်မှာပါ” ဟု ၎င်းကပြောသည်။ အဆိုပါ ဆေးကုသရေးအကြံပေးဝန်ဆောင်မှုအပြင် နက္ခတ်ဗေဒင်ဆိုင်ရာဝန်ဆောင်မှု၊ လေယာဉ်နှင့် ကားထွက်ချိန် အချိန်ဇယားများကို ဖြေကြားပေးသည့်ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်းဆိုသည်။ ၀န်ဆောင်မှုကို ရယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၁- ၅၆၆၄၄၄ သို့ခေါ်ဆို၍ အကြံဥာဏ်ရယူနိုင်ပြီး ခေါ်ဆိုမှုပေါင်း ၆၀ ကို တစ်ပြိုင်နက် လက်ခံဖြေကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုကို ဘလူးအိုးရှင်းနှင့် မလေးရှားနိုင်ငံအခြေစိုက် အိုင်တိုးပီးရား (iTopia) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အိုင်တိုးပီးရားကုမ္ပဏီသည် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဆော်ဒီအာရေးဗျအစရှိသည့် အာရှနိုင်ငံများတွင် Virtual Call Center Services များကို ၁၉၈၈ ခုနှစ်မှစတင်ခါ ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။
|