|
Friday, 18 June 2010 11:42
|
|

မြန်မာအင်ဖိုတက်တွင်သာ လက်ခံဆောင်ရွက်ပေးခဲ့သော အင်တာနက်ဆိုင် (Public Access Centre - PAC) လိုင်စင်ထုတ်ပေးခြင်းများကို ယခုအခါ နယ်မြို့ကြီးများရှိ ကွန်ပျူတာဆိုင်ရာအသင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ထိုကုမ္ပဏီ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာဦးစိန်ဝင်းက ပြောကြားသည်။
တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် အသင်းခွဲများဖွဲ့စည်းထားရှိသည့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ ပုသိမ်နှင့် မော်လမြိုင်မြို့များတွင် ဖွဲ့စည်းထားသောအသင်းခွဲများ၌ အင်တာနက်ဆိုင်လိုင်စင်ကို လျှောက်ထားရယူနိုင်ပြီဖြစ်သည်။ “မန္တလေးမြို့အပြင် ပုသိမ်နဲ့ မော်လမြိုင်အသင်းတွေမှာ အင်တာနက်ဆိုင်လိုင်စင်ရယူနိုင်အောင် သင်္ကြန်မတိုင်ခင်က ဆောင်ရွက်ခဲ့ပါတယ်။ ကျန်ရှိတဲ့မြို့တွေမှာလည်း ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးစိန်ဝင်းကပြောသည်။ အင်တာနက်ဆိုင်လိုင်စင်ကို ထိုကဲ့သို့နယ်မြို့များတွင် လျှောက်ထားရယူနိုင်သော်လည်း ပေးသွင်းရမည့်လိုင်စင်ကြေးနှင့် လစဉ်ကြေးမှာမူ ကွာခြားမှုမရှိကြောင်းဆိုသည်။ အင်တာနက်ဆိုင်များအတွက် မြန်မာအင်ဖိုတက်ကကောက်ခံသည့် လိုင်စင်ကြေးမှာ ကျပ်နှစ်သိန်းဖြစ်ပြီး လစဉ်ကြေးမှာ ကျပ်သုံးသောင်းဖြစ်သည်။ ဇွန်လတွင်ထုတ်ပြန်ခဲ့သည့် မြန်မာအင်ဖိုတက်၏ တရားဝင်စာရင်းအရ နယ်မြို့များရှိအင်တာ နက်ဆိုင်အရေအတွက်မှာ မန္တလေးတွင် ၁၉ ဆိုင်၊ တောင်ကြီးတွင် ၃၈ ဆိုင်၊ ပုသိမ်တွင်ကိုးဆိုင်နှင့် မော်လမြိုင်တွင်သုံးဆိုင်ဖြစ်သည်။
|