|
Friday, 05 March 2010 11:56
|
Digital Camera နှင့် Handset များကို တွင်ကျယ်စွာရောင်းချလာကြသော်လည်း Service ပေးမှုအ ပိုင်းတွင် အားနည်းမှုများရှိနေသေးကြောင်း သိရှိရသည်။
Digital Camera နှင့် Handset များပျက်စီးခဲ့ပါက ပြုပြင်ပေးနိုင်မှုမှာ နေပြည်တော်ဒေသအတွင်း မရှိသေးသဖြင့် ပျက်စီးမှုများရှိခဲ့ပါက သုံးစွဲသူများအတွက် အခက်အခဲများဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ “ကျွန်တော်ရဲ့ Semi Pro ကင်မရာတစ်လုံး ဘာချို့ယွင်းသွားသလဲမသိဘူး။ ရိုက်လို့မရတော့ ကျွန်တော်လည်း နေပြည်တော်တစ်ဝန်းလုံးမှာရှိတဲ့ ဓာတ်ပုံဆိုင်တွေ၊ ခင်ရာမင်ရာကင်မရာသမားတွေဆီ စုံ စမ်းတော့ ပြင်ပေးနိုင်တဲ့သူမရှိဘူး ဖြစ်နေတယ်။ Digital Camera ပြင်ပေးနိုင်တယ်ဆိုတဲ့ တစ်ဆိုင်ကျတော့လည်း သူက အပျော်တမ်းသုံးကင်မရာလောက်ပဲပြုပြင်ပေးပြီး ဒီမြို့မှာပဲ ပြင်ပေးတာမဟုတ်ပါဘူး။ လာပြင်သမျှကင်မရာတွေကိုစုပြီး ရန်ကုန်ကိုပို့ပြီးပြင်တာတဲ့။ အချိန်စောင့်ရမယ်ဆိုတာနဲ့ ကျွန်တော်လည်း မစောင့်နိုင်လို့ ရန်ကုန်ဆင်းပြီးပဲ ပြင်ရတော့တယ်။ ဒီဂျစ်တယ်ကင်မရာနဲ့ပတ်သက်ရင် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် Service ပေးနိုင်တဲ့ဆိုင် ဒီမှာရှိရင်ကောင်းမှာပါ။” ဟု ကင်မရာသမားတစ်ဦးကရှင်းပြသည်။ ထို့နည်းတူ Handset နှင့်ပတ်သက်၍လည်း ဆိုင်အများစုတွင် Media ပိုင်းများသာ ဖြည့်သွင်းပေးနိုင်ကြပြီး အခြားသော Service ပေးနိုင်ခြင်းမရှိကြောင်းကို တွေ့ရသည်။ “နေပြည်တော်မှာ Handset နဲ့ပတ်သက်ပြီး Service မပေးနိုင်တာက နည်းပညာပိုင်းဆိုင်ရာ နည်းပါးမှုကြောင့် မဟုတ်ပါဘူး။ အပိုပစ္စည်းမစုံလင်တာတို့ ပြီးတော့ အသုံးပြုတဲ့ကိရိယာပိုင်း မစုံတာကြောင့်ပါ။ နောက်ပြီး နေပြည်တော်မှာက အခုမှစပြီး Handset တွေသုံးတာဆိုတော့ အပျက်အစီးနည်းလို့ လာပြင်တဲ့သူလည်း မရှိသလောက်ပါပဲ။ ဒီမှာဖြစ်တာများတာကတော့ User တွေအနေနဲ့ Function ပိုင်းမကျွမ်းကျင်လို့ Keypad Lock ကျသွားတာမျိုးလောက်ပဲ ရှိပါတယ်။ တစ်ကယ်လို့များ Handset က Display ကွဲတာတို့၊ LCD မပေါ်တာတို့၊ ရေစိုသွားတာတို့ဖြစ်သွားရင်တော့ ရန်ကုန်မှာရှိတဲ့ ဆိုင်ကိုပဲပို့ပေးပါတယ်” ဟု လူကြီးမင်း (နေပြည်တော်ပျဉ်းမနား) မှ တာဝန်ရှိသူ ၀န်ထမ်းအမျိုးသမီး တစ်ဦးက အင်တာနက်ဂျာနယ်သို့ ရှင်းပြခဲ့သည်။
|