|
Wednesday, 25 November 2009 |
 သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကောလိပ်ကျောင်း ၄ ခုဒေ၀ါလီခံခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူ ၃၀၀၀ နီးပါးခန့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း နိုင်ငံတကာသတင်းဌာနများမှ ဖော်ပြထားသောသတင်းများ အရသိရသည်။
အဆိုပါကောလိပ်များ၏ ကျောထောက်နောက်ခံဖြစ်သော The Global Campus Management ၏ Meridian Group စေတနာ့ဝန်ထမ်းအုပ်ချုပ်စီရင်ရေးအဖွဲ့၏ရှေ့မှောက်သို့ရောက်ရှိခဲ့ပြီး အုပ်ချုပ်ရေးအရာရှိ Stephen Parbery ၏ပြောကြားချက်အရ ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ဆိုသည်မှာ Meridian Group အတွက်ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။ ကောလိပ်ကျောင်း ၄ ကျောင်းပိတ်ခြင်းဂယက်သည် Meridian International Schools အပါအ၀င် The International Design School, International College of Creative Arts and Esmod Australia ကျောင်းများကိုပါ ရိုက်ခတ်ခဲ့ကြောင်းသိရသည်။ ကောလိပ်များပိတ်ခြင်းဂယက်ကြောင့် နိုင်ငံတကာကျောင်းသား ၂၇၀၀ နှင့် ပြည်တွင်းကျောင်းသားပေါင်း ၁၅၀ ခန့် အခက်အခဲကြုံရသလို ကျောင်းသားအများစုမှာ ၎င်းတို့၏စာမေးပွဲများဖြေဆိုရန် အလွန်နီးကပ်နေသောအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာကျောင်းသားများတွင် အဓိကအားဖြင့် အာရှနိုင်ငံများမှ အများစုပါဝင်ကြောင်းသိရသည်။ ကျောင်းသားကျောင်းသူများမှာ ကျောင်းပိတ်သွားသည့်အကြောင်းအရင်းကိုမသိရဘဲ မနက်ကျောင်းသို့ရောက်ရှိခဲ့ရာမှ ကျောင်းတံခါးများပိတ်ထားသည်ကိုတွေ့ရပြီး၊ ဆရာ၊ ဆရာမများမှာလည်း ညကတည်းက အလုပ်မှထုတ်ပယ် ခြင်းခံခဲ့ရကြောင်းသိရသည်။ Victoria ပြည်နယ်၏ Skill and Workforce Participation Minister Jacinta Allan က ABC သတင်းဌာနသို့ ပြောကြားရာတွင် “အစိုးရက ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ တရားဥပဒေနဲ့အညီပြဋ္ဌာန်းဖို့ ပြန်လည်စစ်ဆေးကြည့်ရှုနေပါတယ်။ အရှိန်အဟုန်နဲ့လာပြီးမှ ပုံမှန်လည်ပတ်နေဆဲ ပြည်နယ်ရဲ့လှုပ်ရှားမှုတစ်ခုဟာ တန့်ခနဲရပ်သွားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့လမ်းကြောင်းမှန်အောင်လုပ်ဖို့ အင်အားဖြည့်တင်းပြီး သေချာအောင်လုပ်ဆောင်နေပါတယ်။ ပထမဦးစားပေးလုပ်ဆောင်ခဲ့တာကတော့ ကျောင်းသားတွေနဲ့အတူပူးပေါင်းလက်တွဲပြီး သူတို့ရဲ့ရှေ့ဆက်ရမဲ့ပညာရေးအတွက် ထောက်ပံ့မှုတွေပေးခဲ့တာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အထက်ဖော်ပြပါအဖြစ်အပျက်သည် Australia နိုင်ငံတော်အတွက် သံတမန်ရေးရာနှင့်ပတ်သက်သည့် သက်ရောက်မှုအနည်းငယ်ရှိခဲ့သည်။ Australia ပညာရေးအဖွဲ့အစည်းမှ Union President Angelo Gavrielatos မှပြောကြားခဲ့ရာတွင် “ပုဂ္ဂလိကကျောင်းများအတွက် တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကတော့ လိုအပ်နေခဲ့ပါပြီ။ ပြဿနာဖြစ်တဲ့ ကျောင်းအရေအ တွက်ကလည်း တိုးပွားလာနေခဲ့သလို အဲ့ဒီအတွက်ငွေကြေးပေးဆောင်ရတဲ့ ကျောင်းသားအရေအတွက်ပါထည့်တွက်ရမှာပါ။ ပြီးတော့ ယခုလက်ရှိလုပ်ငန်းလည်ပတ်နေတဲ့ ကျောင်းအသစ်တွေရော ရှိပြီးသားအရင်ကျောင်းတွေကိုပါ သူတို့ဟာ နိုင်ငံတကာနဲ့ ပြည်တွင်းကျောင်းတွေအတွက် အရည်အသွေးအဆင့်မီတဲ့ ပညာရေးမျိုးပေးနိုင်ပါ့မလားဆိုတာနဲ့ ငွေရေးကြေးရေးပိုင်းမှာပါစိတ်ချယုံကြည်ရပါ့မလား ဆိုတဲ့အချက်တွေကို အသေအချာစံချိန်မှီအောင် အသေးစိတ်စစ်ဆေးကြရတော့မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ အထက်ဖော်ပြပါသတင်းအချက်အလက်များကို ပြည်တွင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများသိရှိစေရန်ရည်ရွယ်၍ ကောက်နှုတ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ ထိုသို့ကောက်နှုတ်ဖော်ပြနိုင်ရန်အတွက် Myanmar Search International Services Co.,Ltd. မှ အင်တာနက်ဂျာနယ်သို့ ကူညီဆောင်ရွက်ပေးခဲ့သည်။
|