|
Friday, 20 November 2009 |
သြစတြေးလျနိုင်ငံရှိ iPhone အသုံးပြုသူများတွင် ပထမဦးဆုံးအနေဖြင့် worm ကူးစက်ခံရကြောင်း လုံခြုံရေးပညာရှင်များရဲ့ပြောကြားချက်အရ သိရပါတယ်။
၎င်း worm ရဲ့အမည်ဟာ Ikee ဖြစ်ပြီး jailbreak လုပ်ထားကာ ခွင့်ပြုချက်မရှိတဲ့ဆော့ဖ်ဝဲတွေကိုအသုံးပြုတဲ့ iPhone များတွင်သာပျံ့နှံ့ခြင်းဖြစ်ပါတယ်။ ၎င်း worm ဟာ ၁၉၈၀ခုနှစ်ကအဆိုတော်ဖြစ်တဲ့ Rick Astley ရဲ့ wallpaper များအဖြစ် ၀င်ရောက်ပျံ့နှံ့ခြင်းဖြစ်ပြီး iPhone အတွင်းမှ အချက်အလက်များကိုခိုးယူနိုင်တဲ့အထိ အန္တရာယ်ရှိကြောင်း လုံခြုံရေးပညာရှင်များက ပြောကြားခဲ့ပါတယ်။ Sophos မှနည်းပညာအကြံပေးဖြစ်သူ Graham Cluley ကတော့ ဒီဖြစ်ရပ်ဟာအလွန်အန္တရာယ်ရှိပြီး တစ်စုံ တစ်ယောက်အနေဖြင့် အဆိုပါ code ကိုအန္တရာယ်ရှိတဲ့ code အဖြစ်ပြုလုပ်သွားနိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။ အဆိုပါ worm ဟာ iPhone အများစုတွင်ဖြစ်ပွားခြင်းမဟုတ်ဘဲ jailbreak ပြုလုပ်ထားတဲ့ iPhone များတွင် SSH (Secure Shell) လို့ခေါ်တဲ့ Unix utility အသုံးပြုသူများနဲ့ iPhone ရဲ့ default password ဖြစ်တဲ့ "alpine" ကိုအသုံးပြုတဲ့ iPhone များတွင် အဓိကဖြစ်ပွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ SSH ဟာတစ်စုံတစ်ယောက်ကို အင်တာနက်မှတဆင့် iPhone ကိုအဝေးထိန်းဖြင့်ချိတ်ဆက်စေပြီး default password ဖြင့်ဆော့ဖ်ဝဲများကိုထည့်သွင်းစေနိုင်ကာ back-door နဲ့ဆင်တူကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်းဒတ်ခ်ျ ဟက်ကာတစ်ဦးဟာ iPhone များအတွင်းသို့ဝင်ရောက်တိုက်ခိုက်ပြီး ပြဿနာဖြေရှင်းချက်များအတွက် စတာလင် ၅ ပေါင်(အမေရိကန် ဒေါ်လာ ၇.၄၃) တောင်းဆိုခဲ့ကြောင်းသိရပါတယ်။ အဆိုပါ worm ကိုပြုလုပ်တဲ့ အသက် ၂၁ အရွယ်ရှိ Ashley Towns ဆိုသူကတော့ ထိခိုက်စေရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ၎င်း worm ကိုထုတ်လုပ်ချိန်တွင် ဒတ်ခ်ျဟက်ကာပြုလုပ်ခဲ့တဲ့ဖြစ်စဉ်များကိုလည်းမသိရှိခဲ့ကြောင်း ပြော ကြားခဲ့ပါတယ်။ ဒါ့အပြင် iPhone အသုံးပြုသူများအနေဖြင့် SSH ကိုအသုံးပြုပါက default password ကိုပြောင်းလဲထားသင့်ကြောင်း Towns ကအင်တာဗျူးတစ်ရပ်တွင် ပြောကြားခဲ့ပါတယ်။
|