|
Thursday, 01 July 2010 |
|
ဘဏ်စာရင်းတွင်ထည့်သွင်းထားသော ငွေကြေးပမာဏအတိုင်းအတာအတွင်း ငွေထုတ်ယူခြင်းပြုလုပ်နိုင်မည့်အပြင် အွန်လိုင်းမှငွေကြေးလွှဲပြောင်းမှုပြုလုပ်နိုင်မည့် Debit Card များကို မကြာမီပေါ် ပေါက်လာမည့် ပုဂ္ဂလိကဘဏ်များတွင် သုံးစွဲလာကြရန်ရှိကြောင်း
ထိုဘဏ်အချို့အတွက်လိုအပ်သည့် ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးနေသော Micro Peacock ကုမ္ပဏီ၊ အုပ်ချုပ်မှုဒါရိုက်တာ ကိုသစ္စာက ပြောကြားသည်။ ကုမ္ပဏီအနေဖြင့် အဆိုပါ Debit Card များအတွက် ၀န်ဆောင်မှုကို ဆော့ဖ်ဝဲပိုင်းဆိုင်ရာပံ့ပိုးပေးသည့် ACE ကုမ္ပဏီနှင့် ပူးပေါင်းပေးအပ်ခြင်းဖြစ်ကြောင်း ဆိုသည်။ ပုဂ္ဂလိကဘဏ်များတွင် အသုံးပြုမည့် Debit Card စနစ်မှာ ATM စနစ်သုံးစက်များဖြင့် တွဲဖက်သုံးစွဲနိုင်မည့် Smart Card အမျိုးအစားဝင် Debit Card ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်ခြင်းများကို အလိုအလျောက်ပြုလုပ်နိုင်မည်ဖြစ်ကာ Finger Print ကိုအသုံးပြု၍ ဘဏ်စာရင်းကိုလည်း ၀င်ရောက်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဘဏ်တွေကသာ နောက်ပိုင်းခွင့်ပြုခဲ့ရင် အိမ်ကနေတောင် အွန်လိုင်းဘဏ်အကောင့်ထဲကိုဝင်ပြီး တခြားဘဏ်အကောင့်တွေကို ငွေကြေးလွှဲပြောင်းနိုင်တဲ့အဆင့်အထိကို စီစဉ်ဆောင်ရွက်ထားတာပါ။ ဒီ့အတွက် သုံးစွဲသူတွေအနေနဲ့ Debit Card ကိုဖတ်နိုင်တဲ့ Device နဲ့ အွန်လိုင်းရှိနေဖို့ပဲလိုတယ်” ဟု Micro Peacock မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ Debit Card များနှင့်ပတ်သက်၍ နည်းပညာကျွမ်းကျင်သူတစ်ဦးက Debit Card များအနေဖြင့် ဘဏ်တစ်ခုတည်းအောက်တွင်ရှိသည့် ဘဏ်အကောင့်များဆီသို့သာ ငွေကြေးလွှဲပြောင်းနိုင်ရုံသာမက အခြားဘဏ်များအောက်တွင်ရှိသော ဘဏ်အကောင့်များကိုလည်း လွှဲပြောင်းနိုင်ပါက သုံးစွဲရာတွင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ Debit Card များ ပေါ်ပေါက်လာမည့်အနေအထားနှင့်ပတ်သက်၍ ကေအမ်ဒီကွန်ပျူတာဂရု(ပ်)ဥက္ကဌ ဦးသောင်းတင်ကလည်း “နိုင်ငံတကာကဘဏ်တွေမှာ Credit Card ကိုသုံးစွဲနေပေမယ့် Debit Card ဟာလည်း အဆင်ပြေစေပါတယ်။ Credit Card ဟာ Life မှာ Management မလုပ်တတ်ခဲ့ရင် အခက်အခဲတွေကြုံတွေ့နိုင်ပါတယ်။ ဘဏ်တွေဘက်ကလည်း အန္တရာယ်များတယ်။ ဒီမှာက Family Business တွေနဲ့သွားနေတာဆိုတော့ Debit Card တွေကအဆင်ပြေတယ်။ Card တွေရလာရင် Physical Process မရှိဘဲနဲ့ Online Complete ဖြစ်နိုင်တယ်။ ဒီတော့ e-Commerce အသွင်အပြင်လည်း ပြောင်းလာနိုင်တယ်။ အားနည်းချက်အနေနဲ့ကတော့ Security ပိုင်းပေါ့” ဟုသုံးသပ်သည်။ ထိုကဲ့သို့ Debit Card များ ပေါ်ပေါက်လာသည့်အချိန်တွင် သုံးစွဲသူများအနေဖြင့်လည်း အွန်လိုင်းနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုများရှိလာသည့်အတွက် ဘဏ်များအတွက် ဈေးကွက်အခြေအနေကောင်းနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်လုပ်ကိုင်ခွင့်ကို ထူး၊ ဧဒင်၊ အိုင်ဂျီအီးနှင့် မက်စ်မြန်မာကုမ္ပဏီများသို့ ချထားပေးခဲ့ရာ ထူးကုမ္ပဏီက Asia Green၊ ဧဒင်ကုမ္ပဏီက မြန်မာ့ရှေ့ဆောင်၊ အိုင်ဂျီအီးကုမ္ပဏီက အမရာ၊ မက်စ်မြန်မာကုမ္ပဏီက ဧရာဝတီအမည်များဖြင့် တည်ထောင်ဖွင့်လှစ်မည်ဖြစ်သည်။
|