|
Tuesday, 18 May 2010 |
အစိုးရရှယ်ယာများပါဝင်သည့် ရတနာပုံတယ်လီပို့ကုမ္ပဏီက ၀ိုင်ဖိုင်စနစ်သုံး ကြိုးမဲ့အင်တာနက်စနစ်သုံးစွဲနိုင်မည့် ဧရိယာပေါင်း ၂၀ ကို မန္တလေးမြို့တွင် ဇွန်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း
ထိုကုမ္ပဏီတာဝန်ရှိသူတစ်ဦးက မေလ ၁၂ ရက်တွင် ပြောကြားသည်။ ထိုစနစ်ကို လက်ရှိမိတ်ဆက်လျက်ရှိသည့် ဖိုင်ဘာဖန်ကြိုးမျှင် သုံး အင်တာနက်စနစ် (Fiber to the Home) နှင့်တစ်ပြိုင်နက်တည်း အသုံးပြုရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။ “၀ိုင်ဖိုင်ဧရိယာ အခု ၂၀ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတာက မန္တလေးတစ်မြို့လုံးကို အင်တာနက်စနစ်လွှမ်းခြုံစေနိုင်ဖို့ပါ” ဟု ထိုတာဝန်ရှိသူကပြောသည်။ အဆိုပါ ၀ိုင်ဖိုင်အင်တာနက်စနစ်ကို ရယူသုံးစွဲနိုင်ရန်အတွက် ကြိုတင်ငွေပေးကတ်များကို ရောင်းချ မည်ဖြစ်ကြောင်း၊ သို့ရာတွင် ကတ်တန်ဖိုးကိုမူ မသတ်မှတ်ရသေးကြောင်းဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ Red Link Communication Ltd ကလည်း ၀ိုင်ဖိုင်ဧရိယာကိုးခုကို အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ထိုဧရိယာများတွင်အသုံးပြုနိုင်ရန် Net Now အမည်ရှိ ကြိုတင်ငွေပေးကတ်ကို ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ထို့ပြင် ၀ိုင်ဖိုင်အင်တာနက်စနစ်ကို သီးခြားသုံးစွဲခွင့်ပြုလျက်ရှိသည့် အင်တာနက်ဆိုင်၊ စားသောက်ဆိုင်နှင့် ရှော့ပင်း စင်တာအချို့လည်းရှိသည်။ မန္တလေးမြို့တွင်မူ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အင်တာနက်ဆိုင် အချို့တွင် ၀ိုင်ဖိုင်ဧရိယာများ သီးခြားပေးအပ်ထားခြင်းများသာရှိကြောင်း၊ ထို့ကြောင့် ၀ိုင်ဖိုင်ဧရိယာ များပေါ်ပေါက်လာပါက မန္တလေးမြို့သည် မြန်မာနိုင်ငံတွင် ၀ိုင်ဖိုင်ဧရိယာအများဆုံးရှိသည့်မြို့ ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။ ထိုဝိုင်ဖိုင်ဧရိယာများ အကောင်အထည်ဖော်မည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ မန္တလေးမြို့ခံတစ်ဦးဖြစ်သူကိုမင်းက “အဲဒီစနစ်လုပ်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ အောင်လည်း အောင်မြင်နိုင်တယ်။ လက်ရှိမှာ အင်တာနက်ကို ကိုယ့်ဘာသာလိုင်းဝယ်တပ်မယ်ဆိုရင် Broadband ဆိုရင် ကျပ်သိန်း ၃၀ လောက်ကုန်နိုင်ပြီး ADSL ဆိုရင်တောင် ကျပ် ၁၅ သိန်းလောက် ကုန်မှာ။ ဒီလိုသာကတ်ဝယ်ပြီး အိမ်ကနေ ထိုင်သုံးလို့ရမယ်။ လိုင်းလည်း ကောင်းကောင်းမိမယ်ဆိုရင် တော့ တော်တော်အဆင်ပြေမယ်” ဟု မှတ်ချက်ပြုပြောကြားသည်။
|