အီလက်ထရောနစ် ဘတ်စ်ကားလက်မှတ်များ လာတော့မည် Print E-mail
Tuesday, 18 May 2010
နိုင်ငံတကာတွင် ကျယ်ပြန့်စွာသုံးစွဲလျက်ရှိသည့် e-bus ticket ခေါ် အီလက်ထရောနစ် ဘတ်စ်ကားလက်မှတ်စနစ်ကို ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ပါရမီနှင့် အဓိပတိယာဉ်လိုင်းများတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထိုကားလက်မှတ်များအတွက် နည်းပညာပိုင်းပံ့ပိုးပေးမည့် အီးထရိတ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၃ ရက်တွင် ပြောကြားသည်။ ထိုစနစ်သည် ကြိုတင်ငွေ ထည့်သွင်းထားသော ယာဉ်စီးခကတ်ဖြစ်ပြီး ကတ်ကိုကားများတွင် တပ်ဆင်ထားသည့် စက်ရှေ့ ၁၀ စင်တီမီတာအကွာအဝေးတွင်ပြသပါက သတ်မှတ်ကားခကို အလိုအလျောက် နှုတ်ယူသွားမည့်စနစ်ဖြစ်သည်။ “ဒီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေးနဲ့ ဆွေးနွေးပြီးသွားပါပြီ။ စက်ကိုလည်း စမ်းသပ်ပြီးလို့ လုပ်ထုံးလုပ်နည်းတွေကျလာလို့ရှိရင် စတင်သွားမှာပါ” ဟု ထိုတာဝန်ရှိသူကပြောသည်။ အဆိုပါအီလက်ထရောနစ် ကားလက်မှတ်စနစ်ကို ကနဦးတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးလက်အောက်ရှိ အထူးယာဉ်လိုင်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုကားလက်မှတ်များကို ယာဉ်လိုင်းများမှ လက်မှတ်အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ကတ်တန်ဖိုးနှင့် ကတ်ကိုတစ်ကြိမ်သုံး (သို့) ထပ်ပေါင်းထည့်နိုင်သည့်ကတ် မည်ကဲ့သို့ထုတ်ဝေမည် စသည့်အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။ “ဒီကတ်တွေက နည်းပညာအရတော့ နောက်တစ်ကြိမ်ထပ် ပေါင်းထည့်လို့ရပါတယ်။ ဒီကတ်တွေက Contactless ကတ်အမျိုးအစားဖြစ်ပြီး ကတ်တွေနဲ့ စက်တွေ ကို စင်ကာပူနိုင်ငံကနေတင်သွင်းတာပါ” ဟု ၎င်းကပြောသည်။ ထိုကတ်စနစ်ကို စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား၊ အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ ယာဉ်လိုင်းများနှင့် ရထားလိုင်းများတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။ “ဒီကတ်တွေကိုသုံးတဲ့အတွက် အားသာချက်က ငွေအကြွေလဲလှယ်မှု အခက်အခဲမရှိနိုင်တော့ဘူး။ နောက်ပြီး ငွေကောက်ခံရာမှာလည်း ပိုပြီးတိကျမှုရှိလာမှာဖြစ်သလို သယ်ဆောင်ရလည်းလွယ်ကူတယ်” ဟု ၎င်းကပြောသည်။ ထိုအီလက်ထရောနစ် ကားလက်မှတ်စနစ်ကို နောက်ပိုင်း၌ မြို့တွင်းပြေးဆွဲလျက်ရှိသည့် အခြား ယာဉ်လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်းများနှင့်ပါ ညှိနှိုင်းအကောင်အထည်ဖော်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ အဆိုပါစနစ်နှင့်ပတ်သက်၍ ဘတ်စ်ကားစီးခရီးသည်တစ်ဦးဖြစ် သည့် သင်္ဃန်းကျွန်းမြို့နယ်မှ ကိုဇေယျာလင်းက “ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးလက်မှတ်တွေပေါ်လာတာ တော့ ကောင်းပါတယ်။ အကြွေအမ်းရတာနဲ့ အကြွေအမ်းတာကို စောင့်ရတဲ့ဒုက္ခဝေးသွားတာပေါ့။ ဒါပေမယ့် ဈေးသိပ်ကြီးလို့လည်း မဖြစ်သေးဘူး။ ဘတ်စ်ကားခကို ၂၀၀ ကျပ်လောက်ပေးရတာ မသိသာပေမယ့် ကတ်ရောင်းဈေးက တစ်သောင်းလောက်ဆိုရင်တော့ စဉ်းစားရဦးမှာ။ နောက်ပြီး ဒီကတ်တွေကို လွယ်လွယ်ဝယ်လို့ရဖို့နဲ့ ဒီကတ်ကိုသုံးပြီးစီးလို့ရတဲ့ ကားအရေအတွက်များဖို့လည်း လိုအပ်တယ်” ဟု သုံးသပ်ပြောကြားသည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 

Website Guide

Website Guide
adobe cs4 buy cheap adobe, buy autodesk softwarecheap software