|
Thursday, 02 July 2009 |
Notebook အပါအ၀င် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများအနေဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိရာမှ လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်ခန့်မှစ၍ ဈေးနှုန်းများ ရုတ်ချည်းပြန်လည်မြင့်တက်သွားကြောင်း ကွန်ပျူတာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ဈေးနှုန်းများ ရုတ်တရက်ပြန်လည်မြင့်တက်သွားခြင်းမှာ မေလအတွင်းက ပြုလုပ်ခဲ့ကြသော မိုးရာသီအကြို အထူးဈေးရောင်းပွဲအတော်များများသတ်မှတ်ကာလ ပြီးဆုံးသွားချိန်နှင့် နိုင်ငံခြားငွေကြေးနှုန်းထား အပြောင်းအလဲဖြစ်ပေါ်ချိန် တိုက်ဆိုင်သွားခြင်းကြောင့်ဖြစ်ကြောင်း ကွန်ပျူတာအရောင်းနှင့် ဖြန့်ချိရေးကုမ္ပဏီတချို့ကပြောသည်။ “အခုရက်ပိုင်းအတွင်းမှာ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းဈေးတွေ အတော်မြင့်တက်သွားပါတယ်။ အထူးသဖြင့်တော့ Promotion ကာလတွေအတော်များများပြီးလို့ မူလရောင်းဈေးပြန်ဖြစ်ချိန်မှာ နိုင်ငံခြား ငွေကြေးနှုန်းထားတွေ ပြောင်းလဲသွားတာကြောင့်ဖြစ်ပြီး ကွန်ပျူတာပစ္စည်းမော်ဒယ်လ်အသစ်ဈေးနှုန်း သတ်မှတ်မှုအရလည်း မြင့်တက်သွားတာဖြစ်ပါတယ်” ဟု Smart Computer Technology မှ ဈေးကွက်တာဝန်ရှိသူတစ်ဦးကပြောသည်။ Notebook နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းဈေးနှုန်းများအနေဖြင့် မေလအတွင်းက ဈေးနှုန်းထက် ပျမ်းမျှငါးရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိမြင့်တက်သွားပြီး အထူးဈေးရောင်းပွဲကာလကျန်ရှိနေသေးသော ပစ္စည်းများအနေဖြင့် သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဆက်လက်ရောင်းချပေးနေရကြောင်းသိရသည်။ “ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းဈေးတွေမြင့်တက်သွားတဲ့အတွက် ၀ယ်လိုအားအနေနဲ့လည်း အထိုက်အလျောက်တော့ နည်းပါးသွားပါတယ်။ နောက်ပြီးမော်ဒယ်အသစ်တွေအနေနဲ့လည်း လောလောဆယ်မှာ ဈေးနှုန်းလျှော့ချဦးမှာမဟုတ်သေးတဲ့အတွက် နောက်ထပ် Promotion အစီအစဉ်တွေမရှိသေးသရွေ့ဈေးဆက်တက်နိုင်ပါတယ်” ဟု ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းဖြန့်ချိလျှက်ရှိသော ကုမ္ပဏီတစ်ခုမှ ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောသည်။ ကွန်ပျူတာဈေးကွက်အတွင်းတွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ဆက်တိုက်ဝင်ရောက်လာပြီဖြစ်သော်လည်း ဈေးကွက်အနေအထားမှာ အေးပြီး ပုံမှန်အနေအထားအတိုင်းသာ ဆက်လက်ရောင်းနေ ရဆဲဖြစ်ကြောင်းသိရသည်။ ကွန်ပျူတာဈေးကွက်အတွင်း၌ တချို့သောကွန်ပျူတာပစ္စည်းမှာ သင်္ကြန်ရုံးပိတ်ရက်များခံခဲ့သဖြင့် တင်သွင်းမှုခဏရပ်နားခဲ့ကြပြီး ရုံးဖွင့်ရက်အချိန်ကာလသို့ ပြန်ရောက်လာသောအခါ ပစ္စည်းများတင်သွင်းမှုကို ပြန်လည်ပြုလုပ်လာခဲ့ကြသဖြင့် ယခုအခါတွင် ကွန်ပျူတာဈေးကွက်အတွင်း၌ ပစ္စည်းများဆက်တိုက်ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။ “ကွန်ပျူတာဈေးကွက်အတွင်းကို ပစ္စည်းသစ်တွေ ဆက်တိုက်ဝင်ရောက်လာပြီဖြစ်သလို၊ ယခင်ကပြတ်သွားတဲ့ပစ္စည်းတွေလည်း ပြန်လည်ဝင်ရောက်နေပြီဖြစ်ပါတယ်။ မေလအတွင်းက မတင်သွင်းဖြစ်ခဲ့တဲ့ပစ္စည်းတွေနဲ့ တင်သွင်းမှုကို ခဏရပ်ဆိုင်းထားရတဲ့ပစ္စည်းတွေက အခုဆိုရင်ဈေးကွက်ထဲကို ဆက်တိုက်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ ဈေးကွက်ထဲကိုပစ္စည်းတွေ ဆက်တိုက်ဝင်ရောက်နေပေမဲ့ အရောင်းအ၀ယ်ကတော့ ပုံမှန်အနေ အထားအတိုင်းလောက်ဘဲ ရောင်းနေရပါတယ်” ဟု ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာအရောင်းစင်တာတစ်ခုက အင်တာနက်ဂျာနယ်သို့ပြောသည်။ “ ဈေးကွက်ထဲမှာ အရောင်းအ၀ယ်ဖြစ်တာကတော့ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Mouse, Keyboard, Speaker တွေနဲ့ Casing တွေဘဲဖြစ်ပါတယ်။ အခုနောက်ပိုင်းဝင်ရောက်လာတဲ့ Casing တွေက Design ပိုင်းမှာလှပ သလို ကြံ့ခိုင်မှုလည်းရှိပါတယ်။ တချို့သော Casing ရှိပြီးသားသူတွေတောင် အဟောင်းကိုပယ်ပြီး အသစ်ကိုပြန်အသုံးပြုကြတာတွေရှိပါတယ်” ဟု ၎င်းမှထပ်မံပြောကြားခဲ့သည်။
|