Nexus Language Centre မှ အင်္ဂလိပ်စာသင်တန်းများနှင့်ပတ်သက်၍ KSN Educational Services မှ ဒါရိုက်တာဒေါ်မီမီစိုးညွန့်နှင့် တွေ့ဆုံမေးမြန်းခြင်း Print E-mail
Friday, 04 June 2010

ယနေ့ခေတ်မှာ အင်္ဂလိပ်ဘာသာစကားဟာ နယ်ပယ်အသီးသီးမှာ အလွန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပြီး ကမ္ဘာသုံးဘာသာစကားလို့တင်စားနိုင်တဲ့ ဘာသာစကားတစ်ခုဖြစ်လာပါပြီ။

နိုင်ငံတကာတွင် သွားရောက်ပညာသင်ကြားသည်ဖြစ်စေ၊ အလုပ်လုပ်ကိုင်သည်ဖြစ်စေ အင်္ဂလိပ်စာကျွမ်းကျင်တတ်မြောက်မှုသည် အရေးကြီးလိုအပ်တဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ဖြစ်လာပါပြီ။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ပြောဆိုနိုင်မယ်ဆိုရင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပင် ပညာသင်ကြားရေး၊ အလုပ်အကိုင်နဲ့ အခြားကဏ္ဍတွေမှာ အခွင့်အလမ်းများစွာရရှိနိုင်ပါတယ်။ ဒီနေရာမှာ အင်္ဂလိပ်စာ ကျွမ်းကျင်စွာတတ်မြောက်ရန်အတွက် အင်္ဂလိပ်စာသင်တန်းအများအပြားလည်း ဖွင့်လှစ်သင်ကြားလာတာကို တွေ့ရပါတယ်။ ဒီလိုအင်္ဂလိပ်စာသင်တန်းတွေထဲက  အသစ်တည်ထောင်ဖွင့်လှစ်လိုက်တဲ့ Nexus Language Centre မှ အင်္ဂလိပ်စာသင်တန်းများနှင့်ပတ်သက်၍ KSN Educational Services မှ ဒါရိုက်တာဒေါ်မီမီစိုးညွန့်နှင့် အခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါ တယ်။

မေး - ဒီ Nexus Language Centre အမည်နဲ့ အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်သင်ကြားရခြင်းရဲ့ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ - Nexus ဆိုတာ Latin ဘာသာစကားကနေဆင်းသက်လာတဲ့ စကားလုံးဖြစ်ပြီး “အလွန်ရှုပ်ထွေးစွာဆက်သွယ်ထားသောကွန်ရက်” လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာအနေနဲ့ လူတွေရဲ့ ဦးနှောက်ထဲမှာ ဆဲလ်တွေ ရှုပ်ထွေးစွာကွန်ရက်ချိတ်ဆက်ထားခြင်းကို "nexus of neurons" လို့ခေါ်ပါတယ်။ Nexus Language Centre ဖွင့်လှစ်သင်ကြားရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ကလေးသူငယ်တွေ ကျောင်းသားကျောင်းသူလူငယ်လူရွယ်တွေ အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်စွာသင်ကြားတတ်မြောက်ပြီး ဘာသာစကားအခက်အခဲများစွာကိုကျော်လွှားကာ ခိုင်မာတဲ့ ပေါင်းကူးတံတားတစ်ခု တည်ဆောက်နိုင်ဖို့အတွက် သင်တန်းခနှုန်းထားတွေကို သင့်တင့်မျှတစွာနဲ့ အရည်အသွေးမြင့်မားတဲ့ အင်္ဂလိပ်စာသင်တန်းတွေကို သင်ကြားပို့ချပေးသွားဖို့ ရည်ရွယ်ပါတယ်။

မေး - လက်ရှိဖွင့်လှစ်သင်ကြားပေးမယ့် အင်္ဂလိပ်စာသင်တန်းအမျိုးအစား ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။ Skill အနေနဲ့ သတ်မှတ်ထားတာမျိုးကော ရှိပါသလား။
ဖြေ - အင်္ဂလိပ်စာသင်တန်းတွေကို ကလေးတွေအတွက် English for Young Learners (Basic to Advanced), လူကြီးတွေအတွက် English for Adults (Basic to Advanced), IELTs preparation နဲ့ University preparation ဆိုပြီး သင်တန်းအမျိုးအစားတွေကို ခွဲခြားထားပါတယ်။ နောက်ပြီးတော့ Skill အနေနဲ့ သတ်မှတ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိမိနဲ့သင့်တော်မယ်ထင်တဲ့ သင်တန်းအမျိုးအစားကိုသိရှိဖို့အတွက် အင်္ဂလိပ်စာ Foundation Skill ကို အရင်ဦးဆုံးစစ်ဆေးပေးတဲ့အနေနဲ့ Placement Test ကိုဖြေဆိုကြရပါမယ်။ Placement Test ရဲ့ Result ကိုကြည့်ပြီးတော့မှ မိမိတို့ရဲ့ အင်္ဂလိပ်စာအခြေခံအရည်အချင်းအလိုက် သက်ဆိုင်ရာ English Course တွေကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

မေး - သင်တန်းတစ်ခုချင်းစီအတွက် အသက်အရွယ်နဲ့ ပညာအရည်အချင်းကန့်သတ်ချက်တွေ သတ်မှတ်ထားတာမျိုးကော ရှိပါသလား။ သတ်မှတ်ချက်တွေရှိမယ်ဆိုရင် သိချင်ပါတယ်။
ဖြေ - English for Young Learners Course ဟာ အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အရွယ် အစိုးရကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်းတွေကိုတက်ရောက်နေတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး Level 5 ခု ခွဲထားပါတယ်။ Level တစ်ခုကို ၁၀ ပတ်သင်တန်းနှစ်ခု တက်ရောက်ရမှာဖြစ်ပါတယ်။ English for Adult Course ကတော့ ၁၆ နှစ်နဲ့အထက် စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေမှာ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ၊ နိုင်ငံခြားမှာ ဆက်လက်ပညာသင်ကြားမယ့်သူတွေနဲ့ လက်ရှိအလုပ်လုပ်ကိုင်ဖို့၊ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ ဒီ Course မှာလည်း Level 5 ခုရှိပြီး ၁၀ ပတ်သင်တန်းနှစ်ခုစီ တက်ရောက်ရမှာပါ။ IELTs Course နဲ့ University Course တွေကတော့ အင်္ဂလိပ်စာအခြေခံ Preintermediate (သို့မဟုတ်) Advanced Level ရှိထား တဲ့သူတွေအတွက် သင့်တော်တဲ့ Course တွေပါ။ သင်တန်းအားလုံး အတွက်ကတော့ သင်တန်းတက်ရောက်မည့်သူတိုင်း Placement Test ကိုဖြေဆိုရမှာဖြစ်ပါတယ်။

မေး - သင်ကြားမှုပုံစံအနေနဲ့ကကော ဘယ်လိုသင်ကြားမှုပုံစံမျိုးတွေနဲ့ သင်ကြားပေးသွားမှာပါလဲ။
ဖြေ - သင်ကြားမှုပုံစံအနေနဲ့ကတော့ ကျောင်းသားတစ်ဦးစီတိုင်းရဲ့လိုအပ်ချက်တွေကို သေချာစွာဖြည့်ဆည်းပေးနိုင်ဖို့အတွက် သင်တန်းတစ်ခုစီတိုင်းမှာ ကျောင်းသားအရေအတွက်ကို ၁၆ ယောက်အနေနဲ့ ကန့်သတ်ထားပါတယ်။ နောက်ပြီး သင်ကြားတဲ့ပုံစံကိုလည်း ဆရာတစ်ဦးတည်းကပဲ သင်ခန်းစာတွေပေး အဲဒါကို ကျောင်းသားကလိုက်လုပ်၊ မေးတာဖြေ အိမ်စာပေး၊ အိမ်မှာလေ့ကျင့်၊ သင်တန်းရောက်ရင် ဆရာရှေ့မှာ ကိုယ်လေ့ကျင့်တာတွေကို ပြန်ဖြေပြ အဲလို Passive Learning ပုံစံမျိုးမဟုတ်ဘဲ ကျောင်းသားကိုယ်တိုင်သင်ကြားမှုမှာ ပါဝင်နိုင်စေတဲ့ Interactive Learning အနေနဲ့သင်ကြားပေးပါတယ်။ အဲဒီ လို သင်ကြားမှုပုံစံက ကျောင်းသားတွေအနေနဲ့ ကိုယ်နားမလည်တာ၊ မရှင်းတာတွေကို ဆရာနဲ့ တိုက်ရိုက်မေးမြန်းနိုင်ပြီးတော့ ကျောင်းသားတစ်ဦးချင်းစီတိုင်းကိုလည်း Feedback ပေးခြင်း၊ အင်္ဂလိပ်စာ လေ့ကျင့်သင်ကြားမှုမှာ တိုးတက်မှုရှိလာစေဖို့အတွက် လိုအပ်တဲ့ Guidance နဲ့ အကူအညီပေးခြင်းတွေလည်းရှိပါတယ်။

မေး - သင်တန်းချိန်တွေကိုကော ဘယ်လိုသတ်မှတ်ထားပါသလဲ။
ဖြေ - သင်တန်းချိန်တွေကို သင်တန်းတက်ရောက်မယ့်သူတွေရဲ့ ကျောင်းချိန်၊ အလုပ်ချိန်တွေနဲ့ကင်းတဲ့ လွတ်တဲ့အချိန်၊ မိမိအဆင်ပြေတဲ့အချိန်မှာ အလွယ်တကူ အဆင်ပြေပြေတက်နိုင်ဖို့အတွက် နံနက် ၇ နာရီကနေပြီးတော့ ည ၇ နာရီအထိ သင်တန်းချိန်ကို ၇ ချိန်အထိ စီစဉ်ထားပါတယ်။ မိမိအရည်အချင်းနဲ့ကိုက်ညီတဲ့အတန်းကို တက်ဖို့အချိန်ကိုလည်း အဆင်ပြေအောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

မေး - သင်တန်းတစ်ခုချင်းစီမှာ သင်တန်းသားဦးရေ ကန့်သတ်ထားတယ်လို့သိရပါတယ်။ သင်တန်းတစ်ခုစီမှာ သင်တန်းသားဦးရေ ဘယ်လောက်သတ်မှတ်ထားပါလဲ။ နောက် သင်တန်းသားအရေအတွက် ကန့်သတ်ရခြင်းအကြောင်းလေး သိချင်ပါတယ်။
ဖြေ - သင်တန်းသားသင်တန်းသူဦးရေကို ကန့်သတ်ထားပါတယ်။ ဒီလိုကန့်သတ်ရခြင်းကလဲ သင်တန်းသားတစ်ယောက်ချင်းစီကို ဆရာကနေ Individual Attention ပေးနိုင်ဖို့ Nexus မှာရှိတဲ့ သင်တန်းအားလုံးကို လူဦးရေအနည်းငယ်ကန့်သတ်ထားတာပါ။ သင်တန်းတစ်ခုကို သင်တန်းသား ၁၆ ဦးထက်မပိုတဲ့ သင်တန်းသားဦးရေကိုသာ လက်ခံပို့ချသင်ကြားပေးသွားမှာပါ။

မေး - သင်တန်းတွေမှာ ဘယ်လိုသင်တန်းဆရာမျိုးတွေနဲ့ သင်ကြားပို့ချပေးမှာပါလဲ။
ဖြေ - သင်တန်းအားလုံးကို  သြစတြေးလျ၊ အင်္ဂလန်၊ အမေရိက စတဲ့နိုင်ငံတွေက Native Speaker ဆရာ၊ ဆရာမတွေ ဦးစီးသင်ကြားပေးမှာဖြစ်ပါတယ်။ အချို့သင်တန်းတွေကိုတော့ Native Speaker တွေကသာ သင်ကြားပေးမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေက Wall Street နဲ့ British Council တို့လို ကျော်ကြားတဲ့အဖွဲ့အစည်းတွေမှာသင်ကြားခဲ့တဲ့ ၀ါရင့်အတွေ့အကြုံရှိ ဆရာတွေဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်စာသင်ကြားရေးလက်မှတ်တွေ ရရှိထားသူများဖြစ်ကြပါတယ်။

မေး - သင်တန်းတစ်ခုချင်းစီရဲ့ သင်တန်းကြေးတွေကိုကော ဘယ်လိုသတ်မှတ်ထားပါလဲ။
ဖြေ - Nexus သင်တန်းကျောင်းက စီးပွားရေးသက်သက်ကို ဦးစားပေးဖွင့်လှစ်ထားတာမဟုတ်ဘဲ အရည်အသွေးပြည့်တဲ့ အင်္ဂလိပ်စာသင်တန်းတွေကို ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တိုင်း၊ အင်္ဂလိပ်စာကို အမှန်တကယ်လေ့ကျင့်တတ်မြောက်လိုသူတိုင်း တက်ရောက်နိုင်အောင် သင့်တင့်မျှတတဲ့သင်တန်းကြေးကို သတ်မှတ်ထားပါတယ်။ ငွေကြေးအခက်အခဲရှိတဲ့ သင်တန်းသား၊ သင်တန်းသူတွေအတွက် သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်ဖို့ စီစဉ်ပေးထားသလို ပညာသင်ဆုလည်း လျှောက်ထားနိုင်ပါတယ်။ သင်တန်းတက်ဖို့အတွက် Registration လုပ်ဖို့လိုအပ်ပြီး Registration အတွက် သီးသန့်ပိုက်ဆံကောက်ခံခြင်းမရှိပါဘူး။ သင်တန်းအပ်ပြီးသူတိုင်းကို စာအုပ်နဲ့ အခြားစာရွက်စာတမ်းများ အခမဲ့ပေးမှာဖြစ်ပြီး Membership Card ကိုလည်း ထုတ်ပေးမှာဖြစ်ပါတယ်။ Membership Card က Nexus Library နဲ့ Nexus Internet Access မှာ အခမဲ့အသုံးပြုနိုင်အောင် ထုတ်ပေးခြင်းဖြစ်ပါတယ်။ သင်တန်းတက်ရောက်မယ့်သူတွေအတွက်ပဲ ဖြစ်ပါတယ်။

မေး - ပညာသင်ဆုလျှောက်ထားနိုင်တယ်ဆိုတော့ ဘယ်လိုပညာသင်ဆုမျိုးကို ပေးမှာပါလဲ။
ဖြေ - ပညာသင်ဆုက Nexus ကဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာသင်တန်းတွေကိုတက်ရောက်ဖို့ ပညာထူးချွန်ပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။ ပညာသင်ဆု လျှောက် ထားလိုတဲ့သူတွေကတော့ Nexus ကို လူကိုယ်တိုင် လာရောက်စုံစမ်းလျှောက်ထားရမှာဖြစ်ပါတယ်။

မေး - သင်တန်းတက်ပြီးလို့ သင်တန်းပြီးဆုံးခဲ့ရင်ကော ဘယ်လိုအသိအမှတ်ပြုလက်မှတ်မျိုး ပေးမှာပါလဲ။ အဲဒီ လက်မှတ်ကကော ဘယ်လောက်ထိ အကျုံးဝင်ပါသလဲ။
ဖြေ - Elementry Level up ပြီး Advance Level အထိ ၁၀ ပတ်ကြာသင်တန်းတစ်ခုပြီးဆုံးတိုင်း Certificate တစ်ခုပေးအပ်မှာဖြစ်ပါတယ်။ Nexus ကအရည်အသွေးကို အဓိကထားတဲ့အတွက် Nexus ကပေးတဲ့ Certificate က ပြည်တွင်းအလုပ်အကိုင်ရှာဖွေရာမှာ အထောက်အကူများစွာရရှိနိုင်မှာဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်စာစာမေးပွဲတွေ ၀င်ရောက်ဖြေဆိုရာမှာလည်း အမှတ် ကောင်းတွေရနိုင်မရနိုင် ကြိုတင်ခန့်မှန်းချက်ပေးနိုင်ပါတယ်။

မေး - နောက်ပိုင်းမှာကော ပြည်ပမှာရှိတဲ့ ကျောင်းတွေလိုမျိုးနဲ့ချိတ်ဆက်ပြီး အဲဒီကျောင်းတွေကအသိအမှတ်ပြုတဲ့ လက်မှတ်မျိုးရတဲ့သင်တန်းတွေ ဖွင့်လှစ်သွားဖို့ကော အစီအစဉ်ရှိပါသလား။ English Language Test Center အနေနဲ့ ဖွင့်လှစ်သွားဖို့ကော အစီအစဉ်ရှိပါသလား။
ဖြေ - အခုလောလောဆယ် အစီအစဉ်မရှိသေးပေမယ့် နောင်မှာတော့ ဖွင့်ဖို့အစီအစဉ်ရှိပါတယ်။ English Class တွေအပြင် Nexus Education Service အနေနဲ့ နိုင်ငံခြားမှာ သွားရောက်ပညာသင် ကြားလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တဲ့ အင်္ဂလိပ်စာအရည်အချင်းတွေကိုပံ့ပိုးပေးပြီး သြစတြေးလျ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်မာတဲ့ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားလိုသူတွေအတွက် ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကျောင်းများနဲ့ချိတ်ဆက်ပေးခြင်း စတဲ့ဝန်ဆောင်မှုများလည်း လုပ်ဆောင်ပေးနေပါတယ်။

 

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software