August 20, 2017

XCOM 2 Complete Edition

Developer  : Firaxis Games
Publisher  : 2K Games
Genre  : Tactical RPG/Strategy
Platform  : PC, PS4, Xbox One
Release Date : February 15, 2017
Gameplay – 10
Story – 8
Graphics – 7.5
Presentation – 9
Final Score – 9 out of 10

XCOM 2 Complete Edition ဟာ မူလက PC မှာ ထွက်ထားတဲ့ XCOM 2 original version နဲ့ အတူ နောက်ပိုင်း ဇာတ်လမ်း အသစ်တွေကို တစ်ခုချင်း DLC အဖြစ် ခွဲပြီးရောင်းခဲ့တဲ့ expansion တွေ အကုန်ပါဝင်ထားတဲ့ collection version သစ်ဖြစ်ပြီး PC အပြင် consoles တွေမှာပါ ထွက်ရှိ လာတာ ဖြစ်ပါတယ်။ XCOM 2 နဲ့ သူ့ရဲ့ မူရင်းဂိမ်း XCOM: Enemy Unknown တို့ဟာ ၁၉၉၄ မှာ ထွက်ရှိခဲ့တဲ့ Classic ဂိမ်းတစ်ခုဖြစ်ပြီး ယနေ့ထက်တိုင် Strategy ပရိသတ်တွေကြား မှာ အမှတ်တရ ဖြစ်နေကြဆဲဖြစ်တဲ့ UFO: Enemy Unknown ကိုပြန်လည် ဆန်းသစ်ထားတဲ့ Tactical Role Playing  နဲ့ Strategy gameplay တို့ပေါင်း စပ်ထားတဲ့ ဂိမ်းအသစ် ဖြစ်ပါတယ်။ Publisher 2K Games နဲ့ Civilization ဂိမ်းအားလုံးရဲ့ ဖန်တီးရှင် Studio Firaxis Games တို့ဟာ ၂၀၀၈ ကတည်းက Strategy ဂိမ်းဖြစ်တဲ့ XCOM:Enemy Unknown ကို စတင် ရေးဆွဲရန် စီစဉ်ခဲ့ကြပြီး ၂၀၁၂ နှစ်ကုန်ပိုင်းမှာ XCOM: Enemy Unknown၊ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ XCOM: Enemy Within နဲ့အတူ ဆက်လက်ပြီးတော့ XCOM 2 တို့ကို ဖြန့်ချိခဲ့ပါတယ်။

မြင်နေကျ Alien Invasion ရုပ်ရှင်တွေလိုမျိုး ဂြိုဟ်သားတွေ ကို တိုက်ထုတ်ရမယ့် ပုံမဟုတ် ဘဲ  အရင်ဇာတ်လမ်းတွေအပြီး နှစ်ပေါင်း ၂၀ ကျော်မှာနေရာယူ ထားပါတယ်။ ဂြိုဟ်သားတွေအ နေနဲ့  နိုင်ငံအများစုကို သိမ်းပိုက်ပြီး ဖြစ်နေလို့ ကစားသူရဲ့ ဇာတ်ကောင်တွေက သူပုန်တွေပုံစံမျိုး ရန်သူတွေကို Guerrilla warfare ပုံစံ နည်းဗျူဟာတွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ကစားသူက Extraterrestrial Combat (XCOM) လို့ခေါ်တဲ့ နိုင်ငံပေါင်းစုံ တပ်ပေါင်းစုမှ အတော်ဆုံး တပ်သားတွေကို အမိန့်ပေးရမှာဖြစ်ပြီး Avengers အမည်ရ Mobile base ကို အသုံးပြုကာ Research Facility မှာလည်း လိုအပ်တဲ့ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေကို ဆောင်ရွက်ရဦးမှာ ဖြစ်တဲ့အတွက် ရန်သူဂြိုဟ်သားတွေကို အမှန်တကယ် တိုက်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ Commander တစ်ယောက်လို ခံစားရမှာပါ။ စိတ်ဝင်စား ဖွယ် အသွင်မျိုးစုံနဲ့ အစွမ်းပေါင်းစုံ ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်သားနဲ့ ၎င်းတို့ရဲ့ စက်ရုပ်တွေကို တိုက်ခိုက်ရာမှာ Tactical Turn Based RPG ပုံစံနဲ့ကစားရမှာဖြစ်သလို တိုက်ပွဲတစ်ခုနဲ့ တစ်ခုကြား မှာတော့ Strategy gameplay တွေ ပါဝင်လာတာ တွေ့ရမှာပါ။ တိုက်ပွဲအတွင်းမှ ရရှိလာတဲ့ သယံဇာတတွေနဲ့ လိုအပ်တဲ့ Upgrades တွေ၊ Research Facility တွေကို အဆင့်မြှင့်တင် နိုင်သလို ဂြိုဟ်သားတွေကိုလည်း အရှင် ဖမ်းဆီးကာလေ့လာမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Background levels တွေ အနေနဲ့ကလည်း အရင်လို မြို့တွေ၊ တိုက်ပျက်တွေ အများစု မဟုတ် တော့ဘဲ နှင်းတောတွေ၊ ပုံစံကွဲတဲ့ မြို့ဒီဇိုင်းတွေ အစရှိသဖြင့် တိုးချဲ့ ထားပါတယ်။

အဓိက gameplay အပိုင်းဖြစ်တဲ့ turn based battle တွေ ဆင်နွှဲဖို့အတွက်ကို ကမ္ဘာအနှံ့ သွားလာရမှာဖြစ်ပြီး မြေပုံမှ တစ်ဆင့် မိမိသွားလိုတဲ့ နေရာကို ညွှန်ပြသွားလာရမှာပါ။ တစ်ပြိုင်တည်းမှာ နေရာပေါင်းစုံက အကူအညီတောင်းတာ ပေါ်လာရင်တော့ မိမိအတွက် mission တစ်ခုချင်းဆီရဲ့ အကျိုးသက်ရောက်မှုပေါ် မူတည်ပြီး ရွေးချယ်ရ မှာဖြစ်ပါတယ်။ Dark Events နဲ့ Special Ops Randomized missions တွေမှာဆိုရင်လည်း အရေးပါတဲ့ဘယ် researchers တွေကို ဦးစားပေး ကယ်တင်ရမလဲဆိုတဲ့ ခက်ခဲတဲ့ ဆုံးဖြတ် ချက်တွေ ချမှတ်ရဦးမှာပါ။ Character design ပိုင်းကိုတော့ ကာတွန်းဆန်ဆန် ဇာတ်ကောင် တွေ ပုံပြုလုပ်ထားပြီး ဂြိုဟ်သားပုံစံတွေက စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။ DNA fusion လုပ်ထားတဲ့ မြွေလိုအကောင်တွေ Faceless လိုမျိုး အကောင်အကြီး စားတွေက အရင်ဂိမ်းတွေထက် ပိုအမြင်ဆန်းစေပါတယ်။  မိမိတပ်သားတွေရဲ့ပုံစံကို စိတ်ကြိုက် ပြင်ဆင်နိုင်ပေမယ့် တိုက်ပွဲအတွင်း ကျဆုံးသွားရင်တော့ အသက်ပြန်ရှင် လာတော့မှာ မဟုတ်ပါဘူး။ Turn based RPG ဂိမ်းတွေ ပုံစံအတိုင်း တစ်ယောက်တစ် လှည့်တိုက်ခိုက်ရမှာ ဖြစ်သလို မိမိတပ်သားတွေရဲ့ Abilities တွေပေါ် မူတည်ပြီး mission တစ်ခုချင်းဆီကို ဂရုတစိုက် ကစားသွားရမှာပါ။ ပုံမှန်ဆိုရင် Isometric Viewpoint နဲ့ မြင်ရ မှာဖြစ်ပေမယ့် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တဲ့အခါမှာ ဖြစ်စေ၊ မိမိတပ်သားတွေ တစ်နေရာမှ တစ်နေရာ ရွေ့နေရင်ဖြစ်စေ Camera Angle တွေ အပြောင်းအလဲမျိုးစုံနဲ့ ထောင့်စုံမှပြသ သွားတာက တိုက်ပွဲတွေကို ကြည့်ရတာ ပိုသွက်လာစေပါတယ်။

Main Campaign အပြင် DLC တွေလည်း အကုန်ပါလို့ ပထမဆုံးအကြိမ် ကစားမယ် ဆိုရင်တောင် နာရီ ၅၀ ကျော် အားရပါးရ ကစားနိုင်မှာပါ။ DLC မှာတွဲပါလာတဲ့ missions တွေထဲမှာတော့ ကစားလို့ အကောင်းဆုံးက Aliens Hunters DLC နဲ့ Shen’s Last Gift DLC တွေပါ။ Aliens Hunter campaign မှာတော့ ဂြိုဟ်သား အဖွဲ့ခေါင်းဆောင် Hunters တွေကို တိုက်ခိုက်ရမယ့် missions တွေ အဓိကပါဝင်ပြီး တစ်ဂိမ်းလုံးမှာ တစ်ခါတည်းပဲ ဖန်တီးလို့ရတဲ့ လက်နက်တွေ သာမကဘဲ Hunters တွေကို အနိုင်တိုက်နိုင်ရင်လည်း တစ်ဂိမ်းလုံးမှာ တစ်မျိုးစီပဲ ဆင်လို့ရမယ့် Armor သုံးမျိုးကိုပါ ရရှိနိုင်မှာပါ။ သူတို့ကလည်း ထုံးစံအတိုင်းပဲ Armor ဝတ်ထားတဲ့ တပ်သားတိုက်ပွဲမှာ ကျသွားရင်တော့ သူနဲ့အတူ ပါသွားမှာမို့လို့ အမြဲသတိထားပြီး သုံးရမှာပါ။ DLC တွေထဲမှာ အကောင်းဆုံး ကတော့ Shen’s Last Gift ဖြစ်ပြီး XCOM2 ရဲ့ နောက်ဆုံး DLC လည်း ဖြစ်ပါတယ်။ ပထမ XCOM ဂိမ်းထဲက ဇာတ်ကောင်တွေလည်း ပြန်ပါသလို XCOM chief engineer Lily Shen ရဲ့ အဖေဖန်တီးထားတဲ့ Sparks အမည်ရ စက်ရုပ်တွေကိုလည်း တိုက်ပွဲမှာ အသုံးပြုနိုင်မှာပါ။ Sparks စက်ရုပ်တွေက poison လိုမျိုး status effect တွေလည်း မထိနိုင်သလို အခြား လူသား တပ်သား တွေကိုလည်း cover unit အဖြစ် ကာကွယ်ပေးနိုင်လို့ တော်တော်စွမ်းပေမယ့် သူတို့ကို ဖန်တီးဖို့ eons resource တွေ သုံးရသလို ကိုယ်တိုင်လည်း cover လုပ်လို့မရတဲ့အတွက် overpower ဖြစ်မနေဘဲ တိုက်ပွဲ strategy အသစ်အဖြစ် အသုံးပြုနိုင်ပါတယ်။

XCOM 2 Complete Edition ဂိမ်းဟာ အရင်ကောင်း ပြီးသားဖြစ်တဲ့ XCOM ဂိမ်းတွေရဲ့ gameplay features အသစ်၊ ရန်သူအမျိုးအစား အသစ်တွေ ပါဝင်သလို မူရင်း Enemy Unknown မကစားဖူးသေးသူတွေ အတွက်လည်း tutorial missions နဲ့ ဇာတ်လမ်းအကျဉ်းတွေ ပါဝင်လို့ မူလ XCOM ပရိသတ် တွေရော XCOM 2 ရဲ့ main story modeကိုပဲ ကစားပြီး သူတွေအတွက် ပါ သင့်တော်တဲ့ ဂိမ်းသစ်တစ်ခု ဖြစ်တာတွေ့ရပါတယ်။